Apple Silicon တပ်ဆင်မောင်းနှင်လာမယ့် Mac တွေရဲ့ အနာဂတ်

UNICODE

July 22 ရက်နေ့ကကျင်းပခဲ့တဲ့ WWDC 2020 ပွဲမှာ Apple အနေနဲ့ Mac တွေရဲ့ အနာဂတ်ကို အကြီးအကျယ်ပြောင်းလဲစေမယ့် ဆုံးဖြတ်ချက်တစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်

အဲ့တာကတော့ Mac တွေမှာ Intel ရဲ့ CPU တွေအစား Apple ကိုယ်တိုင်ထုတ်ထားတဲ့ CPU တွေကို အစားထိုးအသုံးပြုသွားတော့မှာဖြစ်ပါတယ် .. ဒီ Chip တွေဟာ iPhone, iPad တွေမှာအသုံးပြုနေတဲ့ A Series Chips တွေပဲဖြစ်ပြီးတော့ ARM Architecture ကိုအခြေခံပြီး ထုတ်လုပ်ထားတဲ့ Chip တွေပဲဖြစ်ပါတယ်

စကားချပ်။  ။ဒီ article မှာကျွန်တော်အသုံးပြုမယ့် Apple A Series Chips, ARM-Based Chips, Apple Silicon စတဲ့စကားလုံးတွေဟာ Apple ကိုယ်တိုင် ထုတ်လုပ်မယ့် Apple Silicon Chip တစ်ခုကိုတည်းကိုရည်ညွှန်းတာဖြစ်ကြောင်း စာဖတ်သူမျက်စိမလည်စေရန် အလို့ငှာကြိုတင်ရှင်းပြလိုက်ရပါတယ်

Apple  အနေနဲ့ Intel Chips တွေအသုံးပြုရာကနေ ဘာလို့ကိုယ်ပိုင် Chips တွေပြောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ?

ပထမတစ်ချက်ကတော့ Intel ကြောင့်ပါ .. Intel က Chip တွေထုတ်လုပ်ရာမှာ Date အတိအကျ သတ်သတ်မှတ်မှတ်ထုတ်လုပ်တာမဟုတ်ပဲ Production နောက်ကျတာမျိုးတွေကြုံလေ့ရှိပါတယ် .. ဒါကြောင့် Apple အနေနဲ့ MacBook အသစ်တွေထုတ်လုပ်ရောင်းချရာမှာ ရက်စွဲအတိအကျနဲ့ထုတ်လုပ်လို့မရတော့တဲ့ ပြဿနာတွေဖြစ်တော့တာပါပဲ

နောက်ပြီး Intel ကနေ MacBook အတွက် Optimize လုပ်ထားတဲ့ Chip တွေဟာ သာမန်ထက်နောက်ကျနေတတ်ပါတယ် .. ဥပမာ i5-10th Gen ကို Windows Notebook တွေမှာ အသုံးပြုနိုင်နေတဲ့အချိန် MacBook တွေမှာ အသုံးပြုဖို့စောင့်ဆိုင်းနေရတာမျိုးပါ

နောက်တစ်ချက် Production Cost ပါ .. i5-10th Gen ကို Consumer Level အနေနဲ့ ဝယ်မယ်ဆိုရင် $320 လောက်ကျသင့်မှာဖြစ်ပေမယ့် Apple အနေနဲ့ A12 Bionic Chip ရဲ့ ထုတ်လုပ်ကုန်ကျစရိတ်က $30 သာရှိတာပါ .. ကိုယ်တိုင် Chip ထုတ်လုပ်လိုက်ရင် Intel ကိုပေးနေရတဲ့ Chip ဖိုးတွေအများကြီးကို လျှော့ချနိုင်မှာဖြစ်လို့ MacBook တွေစျေးပိုသက်သာလာနိုင်ပါတယ်

နောက်ပြီး Apple အနေနဲ့ သူ့ Product ရဲ့အရာရာအားလုံးကို သူ့လက်ထဲမှာပဲရှိစေချင်တာပါ .. ဒီလို Full Control ရနေမှလဲ Product တွေကို အပြည့်အဝ Optimize လုပ်နိုင်မှာဖြစ်ပြီး ကြိုက်တဲ့အချိန် Product အသစ်တွေထုတ်ပြနိုင်မှာဖြစ်ပါတယ် .. အခုလို ARM-based Chip တွေကိုအသုံးပြုလာတယ်ဆိုတာက Apple ဖက်က MacBook တွေကို ကြိုက်တဲ့အချိန်မှာထုတ်လုပ်နိုင်ပြီဆိုတဲ့ သဘောမျိုးဖြစ်ပြီး အနာဂတ်ရဲ့  iPhone Announce လုပ်တဲ့ Event တွေမှာ MacBook တွေကိုပါ တပါတည်း မိတ်ဆက်လာနိုင်ပါတယ် .. (Intel ကိုစောင့်စရာမလိုတော့ဘူးပေါ့)

Intel Chip တွေရဲ့ အပူပြဿနာကလဲ Apple ရဲ့ အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ အချက်တွေထဲမှာပါဝင်ပါတယ် .. Intel Chip တွေကြောင့် Apple ဟာ Thermal Design ပိုင်းမှာခေါင်းခဲခဲ့ရပြီး 2019 နှစ်ကုန်ပိုင်းကမှ ထွက်ရှိခဲ့တဲ့ 16-inch MacBook Pro တွေမှာမှ ဒီအပူပြဿနာကို သေချာဖြေရှင်းသွားနိုင်တယ်လို့ ပြောလို့ရပါတယ်

Apple ကိုယ်ပိုင် Silicon Chips တွေဟာ Intel Chips တွေထက်ဘယ်နေရာမှာ ပိုသာသွားတာလဲ?

Apple ရဲ့ A Chips တွေက Intel Chips တွေထက် Performance ပိုကောင်းတာ 100% သေချာပါတယ် .. Mac အတွက် Custom ထုတ်မယ့် Chip မပြောနဲ့ဦး .. iPad မှာတပ်ဆင်ထားတဲ့ A12Z Bionic Chip တောင် လက်ရှိစျေးကွက်ထဲမှာရှိနေတဲ့ PC Notebook 92% ထက် Performance ပိုကောင်းပါတယ် .. ဒီလောက်ဆို Apple Chips တွေ အဆိပ်ဘယ်လောက်ပြင်းလဲ သဘောပေါက်လောက်ပါပြီ

ဒါပေမယ့် တခုသတိထားရမှာက GPU ပါ .. Apple ရဲ့ A Series Chip တွေရဲ့ Dedicated GPU က Intel Chips တွေရဲ့ Dedicated GPU ထက်ပိုသာပါတယ် .. ဒါပေမယ့် Intel Chips တွေတုန်းက AMD လို Vendor ကထုတ်တဲ့ GPU ပါထပ်မံတပ်ဆင်ပြီး အသုံးပြုခဲ့တာပါ ..

သေချာတာတစ်ခုကတော့ လက်ရှိ A12Z ရဲ့ GPU Performance က AMD GPU တွေကိုမမှီပါဘူး .. အဲ့တော့ Apple အနေနဲ့ A Series Chip ကို AMD GPU တွေနဲ့တွဲသုံးမလား ဒါမှမဟုတ် Mac မှာသုံးမယ့် A Series Chip တွေရဲ့ Dedicated GPU တွေကို AMD GPU တို့လို Level ရောက်အောင် ဆွဲတင်မလားဆိုတဲ့ လမ်း 2 လမ်းရှိပါတယ် .. Apple ဘယ်လမ်းကိုရွေးချယ်မလဲဆိုတာကတော့ MacBook အသစ်တွေထွက်လာတာကို စောင့်ကြည့်လိုက်ရအောင်

Apple ကိုယ်ပိုင် ARM-based Silicon Chips တွေကိုအသုံးပြုလိုက်ရင် ရလာမယ့်ကောင်းကျိုးနောက်တစ်ခုကတော့ Power Consumption အပိုင်းမှာပါ .. ကိုယ်ပိုင် Design ဆွဲထားတဲ့ Custom Chip နဲ့ ကိုယ်တိုင်းရေးသားထားတဲ့ macOS လို Software မျိုးပေါင်းစပ်လိုက်ရင် Power Consumption ကို control လုပ်တဲ့အပိုင်းမှာ သိသိသာသာကြီး တိုးတက်လာမှာဖြစ်ပါတယ်

နောက်တချက်က ကိုယ်ပိုင် Hardware + ကိုယ်ပိုင် Software ဖြစ်လို့ Hardware ရဲ့ Capability ကိုလဲ အပြည့်အဝအသုံးချနိုင်မှာဖြစ်ပြီး အနာဂတ်မှာရောက်ရှိလာမယ့် Mac တွေရဲ့ Performance ပိုင်းဟာ ရင်ခုန်စရာပါပဲ

ဒီလို Custom Chip တွေကြောင့် အပူပြဿနာလဲထိန်းချုပ်နိုင်မှာဖြစ်ပြီး မလိုအပ်တဲ့ Fan တွေကိုပါဖြုတ်ပစ်လို့ရနိုင်ပါတယ် .. ဒါကြောင့် Mac အတွင်းပိုင်းတည်ဆောက်ပုံဟာ အရင်ကလောက် နေရာတွေအများကြီးယူတော့မှာမဟုတ်လို့ ပိုပါးပြီး ပိုမိုသေးငယ်တဲ့ MacBook တွေကို မြင်တွေ့လာရဦးမှာပါ

အားအသာဆုံးအချက်ကတော့ Application Compatibility ပိုင်းပဲဖြစ်ပါတယ် .. Apple Silicon Chip ဟာ iPhone, iPad တွေမှာအသုံးပြုထားတဲ့ A Series SoC တွေနဲ့ Architecture အတူတူပဲဖြစ်တာမလို့ Developer တွေအနေနဲ့ App တခုရေးလိုက်ရင် အဲ့ App ဟာ iPhone, iPad, Mac မှာပါ အသုံးပြုလို့ရနိုင်သွားနိုင်ပါတယ် .. အဲ့အတွက်ကြောင့်မလို့ macOS ရဲ့ AppStore ဟာလဲ iPhone, iPad တို့ရဲ့ AppStore နဲ့ အတူတူပေါင်းစပ်သွားနိုင်တဲ့ အနေအထားရှိနေပါတယ်

အလားတူပဲ Mac ရဲ့ App တွေဟာလဲ iPad ပေါ်မှာ Seamlessly run နိုင်မှာဖြစ်လို့ iPad Pro ကို Apple က ကြေငြာခဲ့တဲ့အတိုင်း iPad တွေဟာ တကယ့် Next Computer ဖြစ်လာနိုင်တဲ့အနေအထားမှာရှိနေပါတယ်

ဒီအတွက် Apple ဟာ macOS Catalina မိတ်ဆက်တုန်းက Mac Catalyst ဆိုတာကို တခါတည်းမိတ်ဆက်ပေးခဲ့ပြီးတော့ Mac Catalyst က iPad App တွေကို Mac တွေပေါ်မှာ လွယ်လွယ်နဲ့ run လို့ရအောင်လုပ်ဆောင်ပေးမယ့် Feature တစ်ခုပဲဖြစ်ပါတယ်

နောက်ဆုံးအားသာချက်ကတော့ Security ပိုင်းပါ .. Apple ကိုယ်ပိုင် Chip ဖြစ်လို့ Build-in Hardware Security Feature တွေထည့်သွင်းလာနိုင်ပြီး Hacker တွေအတွက် Hack လုပ်ရ ပိုမိုခက်ခဲစေမယ့် Security feature အသစ်တွေပါဝင်လာနိုင်ပါတယ်

Apple အနေနဲ့ ဒီအပြောင်းအလဲဟာအဆင်ပြေပါ့မလား?

ဒီမေးခွန်းကို ဖြေတာစောနေသေးပေမယ့် လုံးဝအဆင်ပြေမယ်လို့ ကျွန်တော်ကတော့ အပြည့်အဝယုံကြည်ပါတယ် .. ဘာလို့လဲဆိုတာအောက်မှာဆက်ဖတ်ကြည့်ပါ

Apple ဟာ ဒီအပြောင်းအလဲကြီးအတွက် အချိန် 2 နှစ်ယူထားပါတယ် .. ဒီအချိန်အတွင်းမှာ အဓိကနည်းပညာ 2 ခုကိုသုံးပြီး အပြောင်းအလဲပြုလုပ်သွားမှာပါ .. ပထမတစ်ခုကတော့ Xcode 12 ပဲဖြစ်ပါတယ် .. Xcode12 မှာပါဝင်လာတဲ့ နည်းပညာတွေနဲ့ Developer တွေဟာ macOS အတွက် Application တွေကို ရေးသားနိုင်သလို ဒီ Application တွေဟာလဲ Intel Chip မှာရော Apple Silicon Chip မှာရော အသုံးပြုလို့ရနိုင်ဦးမှာပါ (ပုံမှန်ဆို Architecture မတူတဲ့အတွက် သီးသန့်ရေးပေးဖို့လိုအပ်ပါတယ်) .. Universal 2 ကြောင့် ဖန်တီးလိုက်တဲ့ App တွေဟာ iPhone, iPad, Mac တွေမှာ Run နိုင်မယ့်အပြင် Intel Chip သုံးထားတဲ့ Mac တွေမှာပါ Run နိုင်မှာဖြစ်ပါတယ် ..

ဒုတိယနည်းပညာကတော့ Rosetta 2 လို့ခေါ်တဲ့ နည်းပညာပဲဖြစ်ပါတယ် .. Intel Chip အတွက်ထုတ်ထားတဲ့ App တွေ Update မလုပ်ရသေးခင် အဲ့ App တွေကို Apple Silicon Chip Mac တွေပေါ်မှာ run နိုင်အောင်လုပ်ပေးမယ့်နည်းပညာပဲဖြစ်ပါတယ်

Rosetta 2 ဟာ Powerful ဘယ်လောက်ဖြစ်တယ်ဆိုတာကိုလဲ WWDC 2020 မှာ Intel Chip အတွက် ထုတ်ထားတဲ့ Game ကို Apple Silicon ပေါ်မှာ ဆော့ပြသွားပါတယ် .. ဆိုလိုတာက Game တွေတောင် Code ပြန်ရေးစရာမလိုပဲ 2 မျိုးလုံးမှာအသုံးပြုလို့ရအောင်လုပ်ပေးနိုင်တဲ့ Powerful ဖြစ်တယ်ဆိုတာ ပြသွားတာပါ

End-user တွေအနေနဲ့ ပြောင်းလဲအသုံးပြုရတာအခက်အခဲရှိနိုင်မလား?

လုံးဝမရှိပါဘူး .. အဟောင်းမှာသုံးလို့ရတာအကုန် အသစ်မှာဘာမှလုပ်စရာမလိုပဲပြောင်းသုံးလို့ရတာမလို့ User တွေအနေနဲ့ ဘာမှအားစိုက်ထုတ်စရာမလိုပဲ Apple Silicon Mac တွေကိုအသုံးပြုနိုင်မှာပါ

ဆိုးကျိုးတစ်ခုကတော့ Apple Silicon မှာ Bootcamp Support မပေးတော့လို့ Mac ပေါ်မှာ Windows Dual Boot တင်သုံးလို့ရမှာမဟုတ်တော့ပါဘူး .. ဒါပေမယ့် Parallel Desktop လို App မျိုးနဲ့ Parallel သုံးလို့ရနိုင်တဲ့အပြင် VMWare, VirtualBox တို့လို App တွေကြားခံပြီး Virtualization နည်းပညာနဲ့တော့ အသုံးပြုလို့ရနိုင်ဦးမှာဖြစ်ပါတယ်

စာလည်းအတော်ရှည်နေပြီဆိုတော့ ဒီမှာပဲအဆုံးသတ်လိုက်ရအောင်

Ref : Apple