Apple အနေနဲ့ သဘာဝပတ်ဝန်းကျင်ကိုဘ​ယ်လိုမျိုးထိန်းသိမ်းနေသလဲ?

UNICODE

iPhone 12 Series ကစပြီး သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတဲ့အနေနဲ့ အားသွင်းခေါင်းနဲ့နားကြပ်ကို ထည့်သွင်းပေးတော့မှာ မဟုတ်ပါဘူးလို့ Apple က အတိအလင်းကြေငြာထားပါတယ် .. ဒီလို Charger နဲ့ EarPods ကိုမထည့်သွင်းပေးခြင်းအားဖြင့် ကာဘွန်တန်ချိန် ၂ သန်းထိလျှော့ချနိုင်မှာဖြစ်ပါတယ် .. အဲ့ဒီပမာဏဟာ လမ်းမပေါ်မှာနှစ်စဥ်သွားလာနေတဲ့ ကားအစီးရေ 450,000 ကနေထုတ်လွှတ်လိုက်တဲ့ ကာဘွန်ပမာဏနဲ့ညီမျှတယ်လို့လဲပြောကြားသွားပါသေးတယ်

ကျွန်တော့်အမြင်မှာတော့ ဒါဟာကမ္ဘာကြီးကိုကယ်တင်နေတာမဟုတ်ပဲ စီးပွားရေးလုပ်စားတာလို့သာမြင်ပါတယ် .. ခင်ဗျားတို့ပဲ စဥ်းစားကြည့်ပါ .. Apple က Charger နဲ့ EarPods မထည့်ပေးတော့ဘူးဆိုကတည်းက တခြား Brand တွေဟာ Accessory အရေအတွက်ကို တိုးမြှင့်ထုတ်လုပ်တော့မှာဖြစ်ပါတယ်

နောက်တချက်က Apple အနေနဲ့ MagSafe လို Feature မျိုးထပ်မံကြေငြာသွားတော့ MagSafe Compatible Accessory တွေလဲ ထပ်မံထွက်ရှိလာဦးမှာပါ .. Apple သာ တကယ်ကာဘွန်ထုတ်လုပ်မှုကို တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ လျှော့ချချင်ရင် သူအရင်ဆုံးလုပ်သင့်တာက iPhone တွေကို Type C ပြောင်းပေးလိုက်သင့်တာပါပဲ

ဒါဆိုရင် မလိုအပ်ပဲ ဖောင်းပွနေတဲ့ Lightning Accessory တွေလျော့ကျသွားမှာဖြစ်ပြီး Type C Accessory တွေကို အသုံးပြုလို့ရသွားတော့မှာပါ .. ကဲ ထားပါတော့ .. Apple အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို အမှန်တကယ်ထိန်းသိမ်းနေလဲဆိုတာ ဆက်ပြောလိုက်ရအောင်

Apple ရဲ့ရည်ရွယ်ချက်ဟာ 2030 ခုနှစ်အရောက်မှာ သူ့ Product တွေအားလုံးအပြင် သူ့ရဲ့ Campus, Datacentre, Store တွေနဲ့ Supply Chain ကြီးတခုလုံးကိုပါ ကာဘွန်ထုတ်လုပ်မှု Zero ဖြစ်အောင်ကြိုးပမ်းနေတာဖြစ်ပါတယ် .. ဒီလိုဖြစ်ဖို့အတွက် Apple ဟာ 2008 ကတည်းက ခြေလှမ်းစလှမ်းခဲ့တာဖြစ်ပြီး အချက် ၃ ချက်နဲ့ ဒီရည်ရွယ်ချက်အောင်မြင်အောင် အားထုတ်နေတာပဲဖြစ်ပါတယ်

1. Low-Carbon Design

Apple Product တွေကို Design ဆွဲတဲ့အခါမှာ Carbon Footprint အနည်းဆုံးဖြစ်အောင် Design ဆွဲပါတယ် .. အဲ့လိုမျိုး re-design, re-engineering, re-thinking နည်းနဲ့ Apple Product တွေကိုဖန်တီးလာရာမှာ 2008 ကနေ 2019 အထိ Apple Product တခုချင်းစီရဲ့ စွမ်းအင်သုံးစွဲမှုဟာ 73% လောက်လျော့ကျသွားခဲ့ပါတယ်

ဒီပမာဏဟာ Product တလုံးစာပဲရှိပါသေးတယ် .. ဒီကမ္ဘာမှာရှိသမျှ Apple Product အရေအတွက်နဲ့ ရေတွက်မယ်ဆိုရင် စွမ်းအင်သုံးစွဲမှုအများကြီးလျော့သွားတာကို မြင်တွေ့ရမှာပါ

2. Product Longevity

Apple အနေနဲ့ User တယောက်ဟာ iPhone တွေ, MacBook တွေကိုခဏခဏ ဝယ်နေတာမျိုးမလိုချင်ပါဘူး .. ဒါကြောင့်သူတို့ဟာ Apple Product တွေကိုကြာရှည်ခံဖို့အတွက် Reliability Testing Lab မှာ မျိုးစုံစမ်းသပ်ပြီးမှ စျေးကွက်ထဲတင်ပို့ရောင်းချတာဖြစ်ပါတယ်

ဒါကြောင့်လဲ Apple Device တွေဟာ ကြာရှည်အသုံးခံပြီး ထွက်တိုင်းဝယ်စရာမလိုအပ်တာဖြစ်ပါတယ်

3. Smarter Chemistry

Apple ဟာသူတို့ Product တွေမှာသုံးမယ့် Chemicals တွေကို ဂရုစိုက်ပြီးရွေးချယ်ပါတယ် .. Apple အနေနဲ့ Suppliers 900 ကျော်ကနေ Materials ပေါင်း 45,000 ကိုမှာယူပြီး ဘယ် Material တွေက လူတွေရဲ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးရှိစေမလဲဆိုတာ စမ်းသပ်ပြီးမှ Product တွေကိုထုတ်လုပ်တာဖြစ်ပါတယ်

အကျိုးဆက်အနေနဲ့ iPad Pro 11-inch ဟာ ENERGY STAR ကသတ်မှတ်ထားတဲ့ စွမ်းအင်သုံးစွဲမှုထက် 69% လောက် Efficient ဖြစ်ဖြစ် Run နိုင်ပါတယ်

နောက်တခုအနေနဲ့ကတော့ Apple အနေနဲ့ Material တွေကိုဘယ်လိုမျိုးကိုင်တွယ်လဲဆိုတာ အချက် ၄ ချက်နဲ့ ပြောပြပေးသွားမှာဖြစ်ပါတယ်

1. Material Profiling

Apple ရဲ့ရည်ရွယ်ချက်က 2030 စပြီး ထွက်တဲ့ Product တိုင်းရဲ့ အစိတ်အပိုင်းတွေဟာ ကမ္ဘာကြီးဆီကနေ ထုတ်ယူထားတာမဟုတ်တော့ပဲ အရင် Product အဟောင်းတွေကိုပဲ Recycle လုပ်ပြီး အသစ်ထုတ်ချင်တာပါ

ဒီလိုလုပ်လို့ရဖို့အတွက် Product တွေမှာသုံးတဲ့ အစိတ်အပိုင်းဟာ Recycle ခဏခဏလုပ်တာကိုခံနိုင်ရည်ရှိတဲ့ Material တွေဖြစ်ဖို့လိုအပ်ပါတယ် .. ဒါကြောင့် Apple ဟာ Material 45 မျိုးကိုအသေးစိတ်လေ့လာပြီး တခုချင်းစီအတွက် Material Impact Profiles တွေတည်ဆောက်ထားပါတယ် ..

ဒီ Profile မှာ Material တခုချင်းစီရဲ့ Environment, Social, Global Supply တို့ကို ဘယ်လောက်ထိ သက်ရောက်မှုရှိနိုင်လဲဆိုတာလေ့လာထားတာဖြစ်ပါတယ် .. ဒီ 45 မျိုးထဲကမှ Recycle လုပ်လို့အဆင်ပြေပြီး သဘာဝပတ်ဝန်းကျင်အတွက်ရော, Renewable Sources တွေရနိုင်မယ့်အချက်ရောပေါ်မူတည်ပြီး Material 14 ခုကို ရွေးထုတ်ကာ သူတို့ Product တွေမှာသုံးတာဖြစ်ပါတယ်

Apple ကပြုစုထားတဲ့ Material Profiles တွေရဲ့ အသေးစိတ်ကို ဒီ Link မှာဖတ်ရှုနိုင်ပါတယ် – https://www.apple.com/au/environment/pdf/Apple_Material_Impact_Profiles_April2019.pdf

2. Material Innovation

Apple ဟာ Material တွေထုတ်ယူတာမျိုးလုပ်ပေမယ့် တခါတလေသူတို့လိုချင်တဲ့ Quality မမှီတဲ့အခါ ကိုယ်တိုင်လဲတီထွင်ပါတယ် .. ဥပမာ – MacBook Air, Mac Mini, iPad, Apple Watch တို့မှာသုံးထားတဲ့ Aluminium Alloy ဟာဆိုရင် Apple ကိုယ်တိုင် တီထွင်ထားတာဖြစ်ပြီး 100% Recycle လုပ်ထားပြီးသာတွေကို ပြန်သုံးတာဖြစ်ပါတယ်

ဒါ့အပြင် Apple Product တော်တော်များများရဲ့ အသက်လို့ပြောလို့ရတဲ့ Logic Board ကိုလဲ 100% Recycled Tin နဲ့ပြုလုပ်ထားတာပါ

3. Improved Packaging

Apple မှာ ဘူးခွံတွေကို Design ဆွဲပြီးစပ်သပ်ဖို့အတွက် Packaging Design Team ဆိုပြီး အဖွဲ့တခုသီးသန့်ရှိပါတယ် .. ဒီအဖွဲ့ဟာ Apple Product ဘူးခွံတွေမှာ ပလတ်စတစ်ပါဝင်မှုကို တတ်နိုင်သလောက်လျှော့ချပြီး Recycle လုပ်ထားတဲ့ပစ္စည်းတွေကို တတ်နိုင်သလောက်ထည့်သွင်းဖို့ကြိုးစားပါတယ်

iPhone 7 ကနေစပြီး Pastic Trays အစား Moulded-Fibre ကိုပြောင်းသုံးလာတာဖြစ်ပြီး Apple Retail Store တွေရဲ့ စျေးဝယ်ရင်ထည့်ပေးတဲ့အိတ်တွေကအစ 100% Recycle လုပ်ထားတဲ့ Fibre အိတ်တွေကို ပြောင်းသုံးလိုက်တာဖြစ်ပါတယ်

4. Paper Supply

2017 ကစပြီး Apple Product တွေရဲ့ Packaging နဲ့ စာရွက်တွေမှာသုံးထားတဲ့ Wood Fibre ဟာ သစ်ပင်တွေကလာတာမဟုတ်တော့ပဲ Recycle လုပ်ထားတာတွေကို ပြန်သုံးထားတာပဲဖြစ်ပါတယ်

တကယ့်သစ်ပင်တွေက Virgin Fibre ကိုလိုအပ်လာရင်လဲ အသုံးပြုနိုင်ဖို့အတွက် The Conservation Fund and The World Wide Fund for Nature ဆိုတဲ့ အဖွဲ့အစည်းနဲ့ပူးပေါင်းပြီး US နဲ့ China မှာရှိတဲ့ ဧက ၁ သန်းရှိတဲ့ သစ်ပင်တွေကခုတ်ယူသုံးစွဲပါတယ် .. ပြီးတာနဲ့အဲ့သစ်တောတွေကို ပြန်လည်စိုက်ပျိုးတာမျိုးလုပ်ပါတယ်

အကျိုးဆက်အနေနဲ့ iPhone 11 Series မှာသုံးထားတဲ့ Taptic Engine ဟာ ရှားပါးလှတဲ့ Rare Earth Elements အသစ်တွေထုတ်ယူထားသုံးစွဲထားတာမဟုတ်ပဲ အရင်သုံးစွဲထားပြီးသား Elements တွေကို 100% Recycle လုပ်ပြီး ပြန်လည်ထည့်သွင်းပေးထားတာဖြစ်ပါတယ်

ဒါ့အပြင် Apple ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်မှုတွေကြာင့် 2019 မှာ Carbon Footprint တန်ချိန် 4.3 သန်းကို လျှော့ချနိုင်ခဲ့ပါတယ်
နောက်ဆုံး 4 နှစ်အတွင်းမှာ Apple Product တွေရဲ့ Packaging မှာပါဝင်တဲ့ ပလတ်စတစ်ကို 58% ထိလျှော့ချနိုင်ခဲ့ပါတယ်

ဒီအပိုင်းမှာတော့ Apple အနေနဲ့ iPhone တွေကိုစက်ရုပ်တွေသုံးပြီး ဘယ်လို Recycle လုပ်လဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတ​ယ်

1. Material Recovery Lab

Apple အနေနဲ့ နည်းပညာချို့တဲ့မှုကြောင့် Recycle လုပ်လို့မရတဲ့ အဖြစ်မျိုးမဖြစ်အောင် Texas ပြည်နယ်မှာ Material Recovery Lab ဆိုတဲ့ ဓာတ်ခွဲခန်းတွေတည်ဆောက်ထားပါတယ် .. ဒီဓာတ်ခွဲခန်းတွေမှာ အပိုင်း ၃ ပိုင်းကို အဓိကထားပြီး လေ့လာပါတယ်

– Recycle လုပ်တဲ့လုပ်ငန်းစဥ်ကို ​တိုးတက်အောင် ပြုပြင်ပြောင်းလဲတာရယ်

– Recycle လုပ်မယ့် ဖုန်းအဟောင်းတွကို တစစီဖြုတ်တဲ့နေရာမှာ တိုးတက်အောင်လုပ်တာရယ်

– နောက်လာမယ့် Recycle နည်းပညာအသစ်တွေကို သုတေသနပြုလုပ်တဲ့အလုပ်ရယ် ဆိုပြီး အဓိကထားလေ့လာပါတယ်

Recycle လုပ်တယ်ဆိုတာ ကမ္ဘာကြီးဆီကနေ သဘာဝအရင်းအမြစ်တွေထုတ်ယူသုံးစွဲမှုနည်းအောင် ပြုလုပ်တာဖြစ်လို့ Material Recovery Lab က အလွန်အရေးပါတယ်လို့ Apple ကပြောပါတယ်

2. Daisy and Dave

Daisy နဲ့ Dave ဆိုတာကတော့ Apple ကဖန်တီးထားတဲ့ စက်ရုပ်နာမည်တွေပါ .. Daisy ဆိုတဲ့စက်ရုပ်ကတော့ Apple Product တွေကို အချိန်တိုတိုအတွင်းမှာ အမှားအယွင်းမရှိ တစစီဖြုတ်ပေးနိုင်တဲ့စက်ရုပ်ပါ

Daisy က ဘယ်လောက်တောင်မြန်လဲဆိုတော့ မတူညီတဲ့ iPhone အလုံး 200 ကို 1 နာရီအတွင်း အပျက်အစီးမရှိ တစစီဖြုတ်ပေးနိုင်ပါတယ် .. iPhone Model 15 မျိုးလောက်ကို တပြိုင်တည်းဖြုတ်နိုင်တာပါ

Dave ဆိုတဲ့ စက်ရုပ်ကတော့ Daisy ကဖြုတ်ပေးလိုက်တဲ့ အစိတ်အပိုင်းတွေကနေ Rare Earth Elements, Steel နဲ့ Tungsten တို့ကို ရွေးပြီး Recovery လုပ်ပေးတဲ့စက်ရုပ်ပါ

Warranty ကာလအတွင်း ဖုန်းတခုခုဖြစ်ရင် Apple က အဟောင်းယူပြီး ဖုန်းအသစ်နဲ့ပြန်လဲပေးတာဖြစ်ပါတယ် .. အဆိုပါ AppleCare Program နဲ့ Trade In Program တို့ကနေ ရရှိလာတဲ့ iPhone အဟောင်းတွေကို ဒီနည်းနဲ့တစစီဖြုတ်ပြီး Recycle လုပ်ပါတယ်

3. Apple Trade In

Apple Trade In ဆိုတာကတော့ ဖုန်းအဟောင်းတွေကို ပိုက်ဆံအလိုက်ပေးပြီး အသစ်နဲ့လဲယူတဲ့ Program ပါပဲ .. Apple ဟာ Trade In လုပ်တဲ့လူတွေကို Apple Store မှာ Device တွေပြန်ဝယ်ဖို့ Credit Card ပေးလေ့ရှိပါတယ်

တကယ်လို့ သင့် Device က Trade In လုပ်လို့မရဘူးဆိုရင်တောင် Apple ကသင့် Device ကို Free Recycle လုပ်ပေးမှာပါ .. ဒီ Trade In ကရတဲ့ ဖုန်းအဟောင်းတွေကနေ Recycle လုပ်ထားတဲ့ Aluminium တွေကို MacBook Air မှာအသုံးပြုပါတယ်

iPhone Battery အဟောင်းတွေကနေ Recover လုပ်ထားတဲ့ Cobalt တွေကိုတော့ Battery အသစ်လုပ်ရာမှာအသုံးပြုပါတယ် .. ဒါကြောင့် Apple Trade In Program ဟာ အပြင်မှာရောင်းတာထက်စာရင် စျေးပိုနှိမ်ပါတယ် .. သူတို့က Recycle လုပ်ပစ်တာမို့လို့ပါ

အကျိုးဆက်အနေနဲ့ 2019 အတွင်းမှာ Apple Device ပေါင်း 11.1 သန်းကို Trade In နဲ့ Recycle လုပ်ခဲ့ကြပြီး Electronic Waste တန်ချိန်ပေါင်း 47,000 ကျော်ကို လျှော့ချနိုင်ခဲ့တယ်လို့ဆိုပါတယ်

ဒီအပိုင်းမှာ Apple အနေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) ကို Supplier တွေအတွက် ဘယ်လိုအသုံးပြုနေလဲဆိုတာပဲဖြစ်ပါတယ်

1. Renewable Electricity

Apple ရဲ့ Carbon ထုတ်လွှင့်မှု တဝက်လောက်က Apple Product တွေထုတ်လုပ်ရာမှာသုံးတဲ့ လျှပ်စစ်စွမ်းအင်ကနေ ထွက်တာဖြစ်ပါတယ် .. ဒါကြောင့် Apple ဟာ သူ့ရဲ့ Supplier တွေကို Renewable Energy သုံးစွဲဖို့ စာချုပ်တွေချုပ်ဆိုထားပြီး 2030 အရောက်မှာတော့ Apple ရဲ့ Supplier အားလုံးဟာ 100% Renewable Energy ကိုသုံးရမှာဖြစ်ပါတယ်

လက်ရှိအချိန်မှာတော့ Apple Supplier ပေါင်း 70 ကျော်လောက်က Renewable Energy ကို 100% အသုံးပြုနေပြီဖြစ်ပါတယ် .. ဒါ့အပြင် Apple ဟာ China Clean Energy Fund ဆိုတဲ့ အဖွဲ့အစည်းမှာ US$300 million ရင်းနှီးမြှုပ်နှံထားပြီး Renewable Energy Projects တွေကို အကောင်အထည်ဖော်လျှက်ရှိပါတယ် .. ဒါကြောင့် 2020 နှစ်ကုန်ပိုင်းမှာ iPhone တပ်ဆင်တဲ့စက်ရုံတွေကသုံးစွဲတဲ့ လျှစ်စစ်ပမာဏဟာ 20% ကျဆင်းသွားမှာဖြစ်ပါတယ်

2. Policy Action

Apple ဟာ Clean Energy သုံးလို့ Apple နဲ့ သူ့ Supplier တွေအပြင် Supplier တွေအခြေစိုက်တဲ့ နိုင်ငံတွေပါ အမြတ်ထွက်အောင် အဲ့နိုင်ငံက အစိုးရတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်ပါတယ် .. အစိုးရအနေနဲ့ Renewable Electricity စျေးကွက်ကို ပိုပြီးအားစိုက်လုပ်ဆောင်ဖို့ Apple ဖက်က ဖိအားပေးပါတယ်

လူတိုင်း Renewable Energy အသုံးပြုရင် သဘာဝပတ်ဝန်းကျင်အတွက် ဘေးထွက်ဆိုးကျိုးနည်းမှာဖြစ်လို့ လူတိုင်းအသုံးပြုလို့ရအောင် အစိုးရတွေနဲ့ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့ Apple ကပြောပါတယ်

3. Zero Waste Program

Apple အနေနဲ့ 2015 မှာ Zero Waste Program ဆိုတာကို အကောင်အထည်ဖော်ခဲ့ပြီး သူ့ရဲ့ Supplier တွေကို နည်းပညာအကူအညီထောက်ပံ့ပေးလျှက်ရှိပါတယ် .. Zero Waste Program ဆိုတာကတော့ Apple Product တွေကို ထုတ်လုပ်ရာမှာ ထွက်ရှိလာတဲ့ Waste တွေကို လွှင့်မပစ်ပဲ Recycle လုပ်ပြီး ပြန်လည်သုံးစွဲစေတာပါ

ဒီ Program ကြောင့် Waste အများဆုံးထွက်တဲ့ Assembly စက်ရုံတွေမှာ Waste ထွက်တဲ့နှုန်းဟာ 2018 မှာ Zero အထိကျဆင်းသွားခဲ့ပါတယ် .. 2018 မှာ iPhone, iPad, Mac, Apple Watch, AirPods, HomePod တို့ကို တပ်ဆင်တဲ့စက်ရုံတွေမှာ Waste ထုတ်လုပ်မှု Zero ဖြစ်ပြီး 2019 မှာတော့ Apple TV ကိုတပ်ဆင်တဲ့စက်ရုံတွေမှာပါ Waste က Zero ဖြစ်သွားပါတယ်

အကျိုးဆက်အနေနဲ့ Zero Waste Program ကြောင့် 2015 ကနေ 2019 အထိ Waste တန်ချိန်ပေါင်း 1.3 သန်းကိုလျှော့ချနိုင်ခဲ့ပြီး ဒီပမာဏဟာ အမှိုက်ကား ၁ သိန်းကို အမှိုက်တွေအပြည့်ဖြည့်ထားတဲ့ ပမာဏနဲ့ညီတယ်လို့သိရပါတယ်

ဒီအပိုင်းမှာတော့ Apple အနေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) ကို သူကိုယ်တိုင် ဘယ်လိုအသုံးပြုနေလဲဆိုတာပဲဖြစ်ပါတယ်

1. Renewable Electricity

နိုင်ငံပေါင်း 44 နိုင်ငံမှာရှိတဲ့ Apple Offices တွေ Apple Stores တွေ Apple Data-centres တွေဟာ Renewable Energy ကို 100% အသုံးပြုထားတာဖြစ်ပါတယ် .. ဒီ Renewable Energy တွေကိုဘယ်ကရသလဲဆိုတော့ Apple ကိုယ်တိုင်ဖန်တီးခဲ့တဲ့ Renewable Energy Projects တွေ ဒါမှမဟုတ် Apple ပြုလုပ်ခဲ့တဲ့ Renewable Energy ရင်းနှီးမြှုပ်နှံမှုတွေကနေ ရပါတယ်

ဒီလောက်နဲ့မလုံလောက်သေးဘူးဆိုရင် သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ Renewable Energy ထုတ်ရောင်းနေတဲ့ Company တွေကနေ ဝယ်သုံးပါတယ် .. လျှပ်စစ်ကိုလုံးဝကို မသုံးတော့တာပါ … ဒီလိုပြောင်းလဲမှုတွေကြောင့် 2019 မှာ ကုလသမဂ္ဂက ပေးအပ်တဲ့ “Global Climate Action” ဆုကိုရရှိခဲ့ပါတယ်

2. Data Centres

Data Centres ဆိုတာ Apple ရဲ့ Apps တွေ Services တွေ Run နိုင်ဖို့ Service ပေးနေတဲ့ Server တွေတည်ရှိရာ နေရာကိုခေါ်ပါတယ် .. Apple မှာနိုင်ငံအနှံ့ Data Centres ပေါင်းများစွာရှိသလို Server တွေဟာ 24/7  အမြဲ Run နေရတာဖြစ်လို့ Energy အများကြီးသုံးစွဲပါတယ်

ဒီလို Data Centres တွေဟာ လျှပ်စစ်, ရေကအစ သုံးစွဲသမျှစွမ်းအင်အကုန်လုံးကို Renewable Energy ကရတာဖြစ်လို့ ​Apple အတွက်တော့ ဂုဏ်ယူစရာပါပဲ .. 2011 ကနေ 2019 အတွင်း Carbon ထုတ်လွှတ်မှု 4 ဆမြင့်တက်လာပေမယ့်လဲ ဒီလို Action တွေကြောင့် 71% လျှော့ချနိုင်ခဲ့ပါတယ်

3. Corporate Emissions

Apple ဝန်ထမ်းတွေဟာ လုပ်ငန်းလိုအပ်ချက်အရခရီးတွေသွားရလေ့ရှိပါတယ် .. ဒီလိုခရီးသွားတာကနေ ထွက်တဲ့ carbon ကလဲ Apple Carbon Footprint ရဲ့ 2% လောက်ရှိတာကြောင့် ဝန်ထမ်းတွေခရီးသွားလေ Carbon-offset projects တွေ ပိုလုပ်လေဆိုတဲ့ ပုံစံမျိုးနဲ့ cover ဖြစ်အောင် Apple ကလိုက်လုပ်ပါတယ်

ဒါကြောင့် Apple ဝန်ထမ်း 132,000 ကျော်ရဲ့ ခရီးသွားရင်းထွက်တဲ့ Carbon တွေဟာ ပြန်ပြီး cover ဖြစ်ခဲ့ပါတယ် .. ခရီးသွားတယ်ဆိုရာမှာ Apple Maps အတွက် လမ်းတကာလှည့်ပြီးလျှောက်သွားနေတဲ့ Apple Maps ယာဥ်တွေကိုလဲထည့်တွက်ပါတယ်

ဒါဆိုရင်တော့ Apple အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ဂရုတစိုက်ထိန်းသိမ်းနေတဲ့အကြောင်းကိုအားလုံးသိသွားလောက်ပါပြီ .. ကျွန်တော်ရေးထားတဲ့ ဒီ Article တခုလုံးကို https://www.apple.com/au/environment/ ကနေ Reference ယူထားတာဖြစ်ပါတယ်